Monday, November 19, 2012

လူ့တန်ဖိုး

အရင်နှစ်တုန်းက အိုစမာဘင်လာဒင်ကို အသေ ဖမ်းဆီးရမိသည့်သတင်းကြားရတဲ့အခါ ပျော်လွန်း၍ ခုန်ပေါက်ဟစ်ကြွေးနေသည့် အမေရိကန် လူမျိုးများ ပုံကို သတင်းတစ်ပုဒ်တွင်ကြည့်လိုက်ရသည်။ သာမန်အားဖြင့် လူတစ်ယောက်သေသွားသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်သည်ကို ရှုံ့ချစရာပင်။ သို့သော် ၄င်း၏နောက်ခံအကြောင်းတရားကို သိထားသူတစ်ယောက်အဖို့ ကမ္ဘာကြီး၏ ၀န်ထုပ်ဝန်ပိုးတစ်ခုလျော့သွားသည့်အဖြစ်ကို နားလည်ပေးနိုင်ပါလိမ့်မည်။

တစ်နှစ်က အလွန်လေးစားရသည့် ဆရာကြီးတစ်ဦး ဆုံးပါးသွားသည့်သတင်းဖတ်ရသည်။  ရင်ထဲကဟာကနဲ။
သူ့လိုလူ တစ်ဦးကို ဆုံးရှုံးလိုက်ရသည့် အတွက် နှမြောတသဖြစ်မိသည်။ သူမရှိတော့၍ သူ့စာအသစ်များမဖတ်နိုင်တော့ပြီ။

ဒီတစ်ပတ်က အလွန်နှစ်သက်ရသည့် အဆိုတော်ကိုခင်မောင်တိုးသည်လည်း လောကကိုနှုတ်ဆက်ထွက်ခွာသွားပြန်သည်။သူမရှိတော့မှ သူ့သီချင်းတွေကို ပိုပြီးတမ်းတရသည်။ ဂီတလောကအတွက်၊ သူ့သီချင်းတွေကိုနှစ်သက်မြတ်နိုးသူတို့အတွက်ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုပင်။

လူဦးရေ သန်းခြောက်ထောင်ကျော်သည့် ဤကမ္ဘာကြီးတွင် လူတစ်ယောက်လျော့သွားရုံနှင့် ကမ္ဘာကြီးအတွက် ဘာမှဖြစ်မသွားဟုပြောလျှင် အဓိပ္ပါယ်မဲ့ရာကျမည်။ လူတစ်ယောက် ရှိခြင်းမရှိခြင်းအတွက် ကမ္ဘာ့လူသားတို့က ၀မ်းသာဝမ်းနည်း ဖြစ်ရသည်ကပင်ထိုသူ၏တန်ဖိုးဟု ဆိုရမည်ထင်သည်။ လူ့တန်ဖိုးကို လူတစ်ယောက် အသက်ရှင်နေထိုင်ခဲ့သည့်ကာလ အတွင်း သူဘာလုပ်ခဲ့သလဲဆိုသည့်ပေတံနှင့်ယှဉ်၍စဉ်းစားကြသည်။ ကိုယ်နေထိုင်ခဲ့သည့်ဘ၀တစ်လျောက် မိမိအတွက်လည်းအကျိုးမရှိ၊အများအတွက်လည်းအကျိုး မဖြစ်ထွန်းဘဲ အမှိုက်သာသာဘ၀များလည်းရှိသည်။ ထို့အတွက် လူ့အသိုင်းအ၀ိုင်းက တတ်နိုင်သမျှလှည်းကျင်းထုတ်စေချင်ကြသည်။ အများအတွက်တော့ အကျိုးမရှိ၊ ကိုယ့်အတွက်သာ အကျိုးရှိသည့် လူဖြစ်ရုံ ဘ၀မျိုးလည်းရှိသည်။သူတို့အတွက်တော့ ပြောစရာများများမရှိ။ သူတို့ ရှိနေ၍လည်းဘာမျှ ၀န်ထုပ်မဖြစ်၊ မရှိတော့၍လည်း တသစရာမရှိ၊ ဘာသိဘာသာပင်။
မိမိအတွက်သာမက သူ့ပတ်ဝန်းကျင်အတွက်ပါ ငှက်တစ်သောင်း နားခိုနိုင်သော အရိပ်အာဝါသ ပေးစွမ်းနိုင်သည့် သစ်တစ်ပင်ကောင်းလိုလူတစ်ချို့လည်းရှိသည်။ သူတို့ကိုတော့ လူ့အသိုင်းအ၀ိုင်းက လိုလားကြ တောင့်တကြမည်။ သူတို့တစ်ယောက် လျော့သွားလျှင် နာကျင်ရသည်။ အစားထိုးဖို့အချိန်စောင့်ရတတ်သည်။ သူတို့လိုလူမျိုးသည် မရှိမဖြစ်ဆိုသည်ထက် ရှိလျင်ပိုကောင်းသည့် လူများဖြစ်ကြသည်။သူတို့ကြောင့် လောကကြီးသာယာ၏။ ကြီးပွားတိုးတက်၏။ သူတို့၏ ကျိုးစားအားထုတ်မှုများက သူ့တစ်ဦးတည်းတွင်သာအကျိုးဖြစ်ထွန်းစေသည်မဟုတ်။ သူ့ကိုမှီလျက် သူ့လောကသည်လည်း အကျိုးခံစားရသည်။

အဆိုတော် ထူးအိမ်သင် ဆုံးသွားသည်။ သူ့အသံချိုချိုနှင့် အနှစ်သာရရှိသည့် ဂီတ စကားလုံးများထပ်မကြားနိုင်တော့ပြီ။

ဆရာကြီးပါရဂူ ဆုံးသွားသည်။ သူရေးသော ဟန္ဒီဘာသာပြန်များနောက်ထပ်မဖတ်နိုင်တော့ပြီ။

ဆရာကြီး ဒေါက်တာသန်းထွန်း ဆုံးသွားသည်။ သူ၏ ရဲရင့်သော သမိုင်းသုံးသပ်ချက်များ မဖတ်ရတော့ပြီ။

ဆရာကြီးလူထုစိန်ဝင်းဆုံးပါးသွားခဲ့သည်။ လူငယ်တို့အတွက် ခပ်စပ်စပ်လေးဆုံးမတတ်သည့် သူ၏ဆောင်းပါးများမဖတ်နိုင်တော့ပြီ။

နောက်ထပ်ကျွန်တော်အလွန်ကြည်ညိုသည့် ဆရာကြီး ဆရာမကြီးများကျန်နေသေးသည်။ သူတို့လည်း အသက် ၈၀၊ ၉၀ဇရာကိုမလွန်ဆန်နိုင်တော့ပြီ။ ဒါပေမယ့်အသိမကြွယ်သည့် ကလေးငယ်က မဖြစ်နိုင်တာကိုတောင့်တမိသလိုမျိုး သူတို့ကို ကျွန်တော် မတိမ်းပါးစေချင်သေး။ သူတို့ရှိနေသေးသည်ကိုသိရလျှင်စိတ်ချမ်းသာသည်။ ကျွန်တော့်အတွက်တန်ဖိုးရှိ သည့်လူများဖြစ်နေ၍ပင်။

မိတ်တွေတို့ရော မသေစေချင်သေးသည့် သူများရှိတယ်မဟုတ်လား။

သေစေချင်သည့် သူများကော . . .?



နည်ရဲဇော်

No comments: