Monday, January 17, 2011

မာန်

တောင်ပံကျိုးပျက်
မွေးတောင်စင်လျက်
ငှက်ငယ်သော်မှ
မာန်မချဘဲ
ဘ၀ ၀မ်းစာ ခုန်ဆွရှာသည်
မြဲသည့်ဇွဲမှာ ကာလကြာသော်
တောင်ပံဝင့်ကြွား
မွေးသစ်ပွား၍
လေဟုန်ဝဲကာ
အာကာထဲမှာ ၀ံ့ကြွားနိုင်၏။

မိုးသက်မုန်တိုင်း
ခုတ်ထစ်ပိုင်း၍
အပိုင်းပိုင်းပြတ်
ကျန်သည့်ငုတ်တို
သစ်ပင်အို ကား
မတုန်မလှုပ် ကြိတ်မှိတ်ငုံ့ခံ
လောကဓံကို
မိုး-ဆောင်း-ဂိမ္မန်
ထချိန်တန်က
ကျန်သည့်အဆစ်
ပုရစ်နုထွား သားတက်ပွားကာ
လောကအလှဆင် နိုင်သေးသည်။

အို . . ငါသည် လူသား . . .
ပုခုံးနှစ်ဖက်ကြား
ခေါင်းပေါက်လာ၏
တွေးခေါ်ချိန်ဆ ဥာဏ်စွမ်းရ၏
ခြေ၊ လက်၊ နှလုံး၊ စုံသည့်အင်္ဂါ
ဘာမှုစရာတည့်။
ငါလျှောက်သည့်လမ်း
ဆူးပြွမ်းကြမ်းလည်း
ရှေ့ကိုတိုးဘိ နာဂါတ်ဆီသို့ . . .

ရှုံးနိမ့်သည်များ
ထားခဲ့အတိတ် ပြန်မလှည့်နှင့်
ရသည့် သင်ခန်းစာ
ယူချေပါတည်း
အရှေ့ဘက်မှာ ရောင်နီလာလျှင်

ငါသည်တစ်ဖန် အောင်ပွဲခံအံ့ . .
ငါသည်တစ်ဖန် အောင်ပွဲခံအံ့ . .

နည်ရဲဇော်

7.2009

ပေးချင်တာ

စွန့်ခွာပစ်ခဲ့တဲ့နေ့စွဲတွေထဲမှာ
စကားလုံးများစွာကျန်ခဲ့တယ်။
အလွမ်းလက်ကျန် ခွက်ကပ်ထဲမတော့
နှုတ်ခမ်းသားတစ်စုံ (ရဲဆေးတင်ပြီး)
ပြစ်ပြစ်နှစ်နှစ်ချီးပချင်နေပုံများ
သူမြိုချနေမိတာ
သူ့သိက္ခာတွေဖြစ်လို့ပေါ့ . . .။

“အဲဒါက ဘ၀” . . .တဲ့။
(. . . ရယ်သံများ . . . )

ဟောဒီနှုတ်ခမ်းများကပါပဲလေ။

နည်ရဲဇော်

တစ်နေ့နေ့ပေါ့

တစ်နေ့နေ့ပေါ့ . . .
မျှော်လင့်ချက်တို့ဟာ
မီးသင့်ငှက်ပမာ
လောင်ကျွမ်းပြာကျ
ပြာပုံဘ၀ရောက်လည်း
ပြန်လည်ရုံးထ
တစ်ကနေ “စ” ကြမယ်။
+ + + + +
လက်မလျှော့လိုက်ပါနဲ့
နောက်ဆုံးအချိန်အထိ . . ။
ဘ၀ဆိုတာ
အလိုမပြည့်မှုများစွာ
မြိုချနေရင်းနဲ့သာ
အပြုံးမပျက်ဘဲ
မင်း ခံယူရဲရမယ်။
+ + + + +

မရပ်တန့်လိုက်ပါနဲ့
ကိုယ်ယုံကြည်ခဲ့တာတွေ . . . ။
မတော်တဆ
ချောက်ကမ်းပါးထဲ လဲပြိုကျခဲ့ရင်တောင်
မင်းဦးနှောက်တွေ
အကောင်းအတိုင်းရှိသေးတယ်ဆိုရင်
ဝေဒနာတွေကို အားဆေးအဖြစ်မှီဝဲလို့
ကမ္ဘာမြေရဲ့
ကျောက်သားနံရံမှာ
မင်း နာ မည် ကို
ထွင်းထုခွင့်ရသွားတာပေါ့ . . .။



နည်ရဲဇော်

၂၆.၈.၂၀၀၁