Monday, April 4, 2011

အဖေဘယ်မှာလဲ


မနက်ခင်းတိုင်း
ဝမ်းနည်းခြင်းနှင့်မျက်နှာသစ်
ကျွန်တော်ချစ်တဲ့အဖေ
အခုဘယ်ရောက်နေပြီလဲ. . .

တစ်ခုသောနေ့...
စာသင်ကျောင်းကအပြန်
အိမ်ရှေ့တံခါးဝ
မျက်ရည်စတွေနဲ့အမေ
တစ်ခုခုမှားယွင်းနေသလိုပဲ
ဒီမနက်ခင်းပဲ
သားပြန်လာရင်
ဘောလုံးကစားမယ်ဆို
အဖေ
ဘာလို့မရှိရတာလဲ . . .

ဧည့်ခန်းမှာချိတ်ထားတဲ့
အဖေ့ရဲ့ပုံလစ်ဟာနေ
ဒါဟာအဓိပ္ပါယ်တစ်ခုခုဖြစ်မယ်
အခန်းထောင့်က
အသက်မဲ့ဘောလုံးကလေး
ပိုက်ထွေးရင်းနဲ့
ခြေလှမ်းများက ဦးတည်ရာမဲ့
အဖေ့ကိုရှာဖို့ပေါ့။

နှစ်-လ-ရက် တွေကုန်ခမ်း
အဖေ့ကိုလွမ်းတုန်းပဲအဖေ။
အမေကတော့ မာနတွေရင်မှာပိုက်
သားကတော့ မျှော်လင့်ချက်တွေရင်မှာပိုက်
ကိုယ်ဆီခံစားချက်တွေနဲ့
ကျွန်တော်လည်း လူလားမြောက်ခဲ့ပြီ။

အဖေ့အရွယ်လူကြီးများတွေ့ရင်
အဖေများလား
မျှော်လင့်ချက်စမ်းတ၀ါးဝါး
ပျောက်ကွယ်မသွားတာကတော့
ကျွန်တော့်တို့မှာဘာအပြစ်ရှိလို့လဲ အဖေ။

ထိုည

အလွမ်းတွေတဖွဲဖွဲရွာချ

ကောင်းကင်ပေါ်ကအဆွေးအိမ်ကလေး

ပန်းနုရောင်တေးသီချိန်...

ငါ့မယ်

အပြုံးတုလေးတစ်ခုနဲ့တင်

ရင်ခွင်ထဲ

မုန်တိုင်းတွေဝင်သွားခဲ့ပြီ။

နည်ရဲဇော်

လက္ခဏာ


ငါ့ဘ၀အတွက်တော့ ငါဟာမင်းသားပါပဲ
နောင်တော်ရှင်ရာမ
သင်နောက်ကျခဲ့ပြီ. . .။

ဗိုလ်ခြေထောင်ထု
ဆောင်ယူဖို့မစွမ်းနိုင်
လေးတော်ကိုအသာကိုယ်ရင်း
ရတနာရွှေမြား
ညို့သွားပေါ်တင် ပစ်လွှတ်မယ်ပြင်...
ထိုစဉ်ခဏ. . .
(တစ်သက်စာနောင်တ)။
အို . . . သီတာနှမ
ဝင်းမွတ်ပုလဲ
မြမြက်ရွဲနှင့်
နှင်းဆီဖူးငုံ
နှုတ်ခမ်းလွှာအစုံကို
တုန်ခါဖိုလှိုက်
နှလုံးသားမိုက်က
သိမ်းပိုက်ဖို့ငှာ
မ၀ံ့သာ...။

ကဲ နောင်တော်ရှင်ရာမ
သင့်အလှည့်ကျပြီ။ . . .။

နည်ရဲဇော်

လမင်းအတွက်သီချင်း



လမင်းနားဆင်ဖို့
အစုံသောကြယ်တာရာတွေရဲ့
ချစ်ခြင်းဖွဲ့တေးသွားကို
ညများမှာကြားနိုင်ပါရဲ့။

ဒါပေမယ့်
စိမ်းမြတဲ့လမင်းအတွက်
နှလုံးသားသက်သက်နဲ့ဖတ်ကြည့်မှ
တွေ့မြင်ခွင့်ရရှာမယ့်စာသားတွေ
ကောင်းကင်မှာအပြည့်ရေးထားတယ်။

ဒီလိုနဲ့ငါ့ရင်ထဲ
အိပ်မက်တွေ
မုတ်သုန်နှစ်မြို့တိုင်ခဲ့ပေါ့။