Tuesday, June 19, 2007

Caricature

ကယ်ရီကေးချား


သူဟာ. . .
လူနာတစ်ယောက်ပါ။
အနတ္တကမ္ဘာမှာ
နှလုံးသားတစ်ခုတောင်
ပိုင်စိုးခွင့်မရခဲ့တဲ့သူ . . .
(အလှကြိုက်တတ်သော)
မျက်လွှာတို့ကိုစုံမှိတ်
တိတ်တိတ်ကလေးနေတတ်ခဲ့။
ဥာဏ်ပညာတို့နဲ့
အနာဂါတ်ကိုတူးဆွချင်တဲ့သူ။ . . .။

သူ့မှာ . ..
မပေးဖြစ်ခဲ့တဲ့
ရည်းစားစာတစ်ချို့ ရှိရဲ့ . . .
မိန်းကလေးတစ်ယောက်ကို
ရင်ခွင်တစ်ခုစာ ချစ်မြတ်နိုးခဲ့ . . .
ဆရာဝန်တစ်ယောက်ရဲ့
“နှလုံးအားနည်းတယ်” ဆိုတဲ့မှတ်ချက်ကို
ရင်နာနာနဲ့ ၀န်ခံခဲ့ဖူးသူ . . .

အသက်ရှုမ၀တဲ့
ဘ၀အခန်းကျဉ်းလေးထဲမှာ
နှလုံးသားအဟာရ
ကဗျာတစ်ပိုင်းတစ်စ
စိတ္တဗေဒနဲ့ ကွန်ပျူတာ
ဒီဇိုင်နာတစ်ယောက်ရဲ့သောက
အချိုးကျဖြစ်တည်
ငိုညည်းတတ်ခဲ့သူတော့ မဟုတ် . . .။

သူဟာ . ..
မာယာမြစ်တစ်စင်း
အလျားလိုက်ဖြတ်ကူးရင်းပဲ
တံခါးရွက်မရှိတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ
ဒါဝင်ရဲ့ သီအိုရီထဲကလို
“အသင့်တော်ဆုံးသူ” သာ
ဖြစ်ချင်နေမိတော့တယ်။


နည်ရဲဇော်

an ambrella, a pair of bags, a pair of brains, a slipper

ထီးတစ်လုံး၊ လွယ်အိတ်တစ်စုံ၊ ဦးနှောက်တစ်ရံ၊ ဖိနပ်တစ်လက်

ငါ့မှာ. . .
နက်ချင်ယောင်ဆောင်နေတဲ့
ထီးအ၀ါကြီးတစ်လုံးရှိတယ်။
မလိုသူတွေက
အတင်းစကားတွေနဲ့
ကဲ့ရဲ့မိုးတွေပက်တဲ့အခါ
ဒီ ထီးကိုဖွင့်ဆောင်းလိုက်မယ်
(ငါ့ကိုမထိအောင်လို့ . . .)

ငါ့မှာ. . .
ကာလရှည်ကြာစွာ
ပုခုံးထက်မှာခိုစီးလို့
ကိုယ့်အမည်ကိုယ်မသိတဲ့
လွယ်အိတ်အနီတစ်စုံရှိတယ်။
ဒီလွယ်အိတ်ထဲမှာ
ငါ့ဦးနှောက်ရဲ့
ရေသောက်မြစ်တွေရှိတယ်။
မကြာခဏ Present ရတတ်တဲ့
ရှုံးနိမ့်မှုတွေကို
ပြုံးပြတတ်စေမယ့်
ဗီတာမင်တွေ သောက်သုံးနိုင်ဖို့ . . .။

ငါ့မှာ . . .
ဘယ်တော့မှ မငြီးညူတတ်တဲ့
အညာသားဖိနပ်တစ်လက်ရှိတယ်။
ငါသွားရာလမ်းမှာ
ဆူးပန်းတွေပွင့်နေပါစေ
ဖြတ်နင်းပစ်လိုက်မယ်
(တောင်ထိပ်ရောက်နိုင်ဖို့ . . .)

ငါ့မှာ . . .
x x x x x တွေရှိသေးတယ်
(မင်း တန်ဖိုးထားတတ်မယ်ဆိုရင်ပေါ့)

နည်ရဲဇော်

The wound

ဒဏ်

ကြွင်းကျန်ရစ်သော
နှလုံးသားအပိုင်းအစတစ်ခုအား
ဖာထေးပြီးသကာလ
သိပ္ပံနည်းတကျ
အယောင်ဆောင်ခဲ့ရ။
ကြာတော့လည်း….
ဒါကိုပဲ သဘာဝလို့ ထင်ကြ…။
ရယ်ချင်စရာပြက်လုံးတွေကြားထဲမှာ
ဝမ်းနည်းမျက်ရည်စများ
အားတင်းထား…။
အသက်မဟုတ်တဲ့
စက်ရုပ်လက်နဲ့
ခပ်ကြမ်းကြမ်းပွတ်သုတ်
တရှုပ်ရှုပ်ငိုမြဲ
ကိုယ့်အသွေးအသားထဲ
ခံပြင်းနေဆဲပါလား . . .။

နည်ရဲဇော်