Monday, June 4, 2007

ရှုံးနိမ့်ခြင်း

ရှုံးနိမ့်ခြင်း

မေ . . .
အချစ်ဆိုတာ
ဆန်းကြယ်သတဲ့လား?
မင်းနဲ့တွေ့မှ
ချစ်တတ်ခဲ့သူရဲ့
ရင်ခုန်သံစည်းချက်
နားဆင်ကြည့်လှည့်ပါ။
တစ်ကြိမ်တစ်ခါ
မချစ်တတ်ဖူး
အချစ်ဦးမို့
ရူးတယ်ပဲဆိုဆို
ပိုတယ်ပဲပြောပြော
မြတ်နိုးမှုရောဂါ
အသည်းထက်မှာ
တစ်နေ့တစ်ခြား
တိုးပွားလာခဲ့တယ်. . .။

မေ. . . မင်းအပြုံးတစ်ခုရဖို့အတွက်
ကိုယ့်သိက္ခာကိုယ်ဖျက်ဆီး
လူပြက်ကြီးလုပ်ခဲ့ရသူပါ။
ရယ်စရာစကားအမျိုးမျိုး
ရှာကြံပျိုးရင်း
မင်းပျော်နေမှ
ကိုယ်နေလို့ရခဲ့တယ်လေ။ . .
မင်းမျက်နှာလေး
အဝေးကလှမ်းငေးရင်း
မချင့်မရဲဖြစ်
သိပ်စိတ်ညစ်တော့
အလုပ်အားချိန်မှာ
ရောက်ရောက်လာတတ်တာ
မင်းအပေါင်းအသင်းများကြား
ဟားစရာသတ္တ၀ါပမာ . . .။

ကိုယ်ကလည်း
သူတို့ပြောသမျှကြေနပ်
နေတတ်ခဲ့လေတော့
မင်းအမြင်မင်းသဘော
စောကြောဖို့မေ့နေခဲ့တယ်လေ။
မတော်တဆတိုက်ဆိုင်မှုတွေလို
အလုပ်ဆင်းချိန်ဆို
မင်းအဆောင်ပို့ပေးနိုင်ရေး
ကိုယ်ကျိုးစားကြည့်မိသေးတယ်။

နှလုံးသားသေးသေးမှာ
ရင်ခုန်သံလေးလေးတွေကြောင့်
အိပ်မပျော်ခဲ့ညတွေမှာ
ဂစ်တာကိုထိုင်တီး
ဆိုညည်းခဲ့တဲ့သီချင်း
ဗဒင်ရဲ့ “သနပ်ခါးချစ်သူ”
တို့ရဲ့မူပိုင်ပါ။
မင်းကတော့မသိသလို
နေနိုင်သူဆိုတော့
မင်းနဲ့ကိုယ့်အကြား
“စည်း”တစ်ခုခြားထားတယ်။
ဒီလိုနဲ့တဖြည်းဖြည်းကြာ
တစ်ခုသောနေ့မှာပေါ့ . . .။
ကိုယ့်ရဲ့နှလုံးသားအိမ်
မြတ်နိုးမှုရေချိန်တက်
သံယောဇဉ်တွေ
အမြင့်ဆုံးအခြေအနေမှာ
ရင်ထဲကစကား
ဖွင့်ဟဖို့အသွား
ရင်နာဖွယ်ရာ ကိုယ်ကြားသိခဲ့ရတာ
မင်းအလှ၊ မင်းဘဝ
ကိုယ့်ထက်ဦးသူရဲ့လက်ထဲမှာတဲ့. . .
မင်းနှုတ်ထွက်စကား
ကိုယ်နားကြားများမှားလေသလား ?
မယုံချင်ပေမယ့်
ယုံကြည်ခဲ့ရသူမို့
ကိုယ့်အသည်းမှာဒဏ်ရာ
စူးနစ်စွာခံစား
အသက်ရှု ရပ်သွားမလားပဲ
ခံစားမိပါတယ်မေ . . . ။

တကယ်တော့… အချစ်ဆိုတာ
ဝတ္ထုရုပ်ရှင် ဇာတ်လမ်းဖလင်တွေထဲကလို
ချိုမြိန်ဖွယ်ချည်း
ခံစားလို့ပြီးတာမဟုတ်မှန်း
ကိုယ်တကယ်သိခဲ့ပါပြီ။

ဒါပါပဲမေ. . .
ကိုယ့်ဘ၀မှာ မင်းတစ်ယောက်သာ
ချစ်ဖူးသေးတယ်ဆိုတာ
မပြောလိုတော့ပါ။
ဒီဒဏ်ရာနဲ့အသည်းကို
တဖြည်းဖြည်းရင့်ကျက်ဖို့ရာ
အချိန်နဲ့ကုစား
အဝေးဆုံးမှာသွားနေဖို့သာ
ကျိုးစားရတော့မှာပါ မေ . . .။


နည်ရဲဇော်

No comments: